ငါက ရခိုင်

(ဒေစာကိုသူငယ်ချင်းတစ်ယောက်ဂျီမေးကိုပီးပို့ 
လာစွာကနီပြီးကေဒေပိုင်ဖော်ပြပီးလိုက်ရခြင်းဖြစ်ပါရေ။)

ကွန်ချုပ်ကေ

မနှင်းဆီးရယ်

နင်ကဗမာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း

မဆုံကောင်းပါ

ခွင့်လွှတ်ပါတော့ မနှင်းဆီ။ ။

ဤကဗျာမှာ မနှင်းဆီအား ကိုသာကျော် နောက်ဆုံးပေးခဲ့သော ကဗျာဖြစ်သည်။ ဤကဗျာကို ပေးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဆီအား ကျောခိုင်းချန်ထားရစ်ကာ ရန်ကုန်မြို့မှ သူ့မွေးရပ်မြေ ရခိုင်ပြည်သို့ အပြီးအပိုင် ထွက်ခွာလာခဲ့ပါသည်။ ဘ၀နှင့်ပုံ၍ချစ်ခဲ့ရသူမို့ ကိုသာကျော် မနှင်းဆီနှင့် ခွဲခွာရစဉ်က ရင်နင့်အောင် ခံစားခဲ့ရပါသည်။( ဆက်ဖတ်ရန် ) အပိုင်း (၁)

ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားလေး ကိုသာကျော်သည် သူနှင့်အတန်းတူအချိန်တူ ဗမာမလေး"မနှင်းဆီ"နှင့် ချစ်ရည်တူမျှခဲ့ပါ သည်။ သူတို့ချစ်ကျွမ်းဝင်ပုံကလည်း ခပ်ဆန်းဆန်းပင်ဖြစ်သည်။ တယောက်နှင့်တယောက် နောက်ရင်းပြောင်းရင်းနဲ့ ချစ်သူများဘ၀ကို ရောက်ရှိခဲ့ရကြရသည်။ မနှင်းဆီတို့ ကျောင်းသူ အုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ် မခေါ်ဘဲ"ခုနှစ်ခိုင်"ဟုခေါ်သည်။ ရခိုင်မှ "ရကောက်ကို" "ခုနှစ်ဂဏန်း" အဖြစ် အစားထိုးပြီး နောက်ပြောင်သည့်သဘောဖြင့် "ခုနှစ်ခိုင်"ဟု ခေါ်ဆိုခြင်းဖြစ်သည်။

မနှင်းဆီသည် သူတို့ အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူ မညို နှာတံပေါ်လွင်ပြီး ရယ်လိုက် လျှင် ပါးချိုင့်လေးပါ ပေါ်လာတတ်သည်။ သူလိုအချောအလှလေးက "ကိုသာကျော်လို့" ခေါ်မယ့်အစား "ကိုခုနှစ်ခိုင်" လို့ ခေါ်နေတော့ ကိုသာကျော်က အောင့်သက်သက်နဲ့ ခံနေရ သည်။ သည်တော့ ကိုသာကျော်လည်း ခုနှစ်ခိုင်လို့ခေါ်တာကို တုန့်ပြန်ရန် စကားလုံးတွေ ရွေးချယ်ရတော့သည်။ ထိုအခါ စကားလုံးတလုံးကို ကိုသာကျော် သွားတွေ့သည်။

ထိုနေ့မှ စ၍ မနှင်းဆီက "ကိုခုနှစ်ခိုင်လို့" ခေါ်တိုင်း ကိုသာကျော် ငြိမ်ခံမနေတော့။ "ဟေ့ ကိုခုနှစ်ခိုင် နေကောင်းလား"ဟု မနှင်းဆီးက မေးလာလျှင် ကိုသာကျော်က "မနှင်းဆီ ကျွန်တော့်နာမည် က ကိုခုနှစ်ခိုင် မဟုတ်မဟုတ်ပါဘူးဗျ။ ကိုချစ်ခိုင်ပါ။ ချစ်ရင်ခိုင်လွန်းလို့ ကိုချစ်ခိုင်လို့ ခေါ်တာပါ။" ခုနှစ်ခိုင်လို့မခေါ်ပါနဲ့ "ကိုချစ်ခိုင်လို့" နာမည်ပြောင်း ခေါ်ပေးလို့ရမလား စသဖြင့် ပြန်ပက်သည်။ ထိုအခါ မနှင်းးဆီမှာ မျက်လွှာလေးချပြီး ခေါင်းကလေးငုံ့ ငုံ့သွားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နောက်ရင်းပြောင်ရင်းနှင့် ကိုသာကျော်နှင့် မနှင်းဆီတို့ နှစ်ဦးသည် နောက်ပိုင်းတွင် ချစ်သူများဘ၀သို့ ရောက်သွားခဲ့ကြသည်။

အပိုင်း (၂)

ချစ်သူများဘ၀ကို ရောက်သွားတော့လည်း သူတို့နှစ်ဦး မိုးမမြင်လေမမြင် ပျော်ခဲ့ကြသည်။ ကျောင်းပြီးလျှင် မနှင်းဆီကို လက်ထပ်ယူရန် ကိုသာကျော် ဆုံးဖြတ်ချက်ချလိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူရှိ အဖေအမေထံ အကြောင်းကြားသည်။ မိခင်ဖြစ်သူ ဒေါ်ညွန့်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဆီနှင့်တွေ့သည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းရှမ်းလမ်းရှိ မနှင်းဆီတို့ အိမ်ထိ လိုက်လည်သည်။ မနှင်းဆီမိဘများနှင့် တွေ့ သည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်တို့ မိသားစုကလည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲ မိသားစုထဲမှာ ပါဝင်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကို ကူညီ တတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်ပေါသည်။

၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ ရခိုင်-ဗမာ ခွဲခြားမှုမရှိ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်လည်း ရခိုင်အမျိုသား ဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆကို မုန်းသူဖြစ်သည်။ သို့အတွက်လည်း မနှင်းဆီးကို ရာသက်ပန် အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ သို့အတွက် ကိုသာကျော်နှင့် မနှင်းဆီအကြား မည်သည့်အဟန့်အတား မှမရှိ။ ချစ်သူတို့ လျှောက်သောလမ်းသည် ခရောင်တောမဟုတ်၊ ပန်းခင်းသောလမ်းအတိ ဖြစ်ခဲ့ပါသည်။

အပိုင်း (၃)

ထိုတနေ့။ ထိုတနေ့ကို ကြမ္မာငင်သောနေ့ဟု ဆိုရမလားမသိ။ ထိုနေ့တွင်ကိုသာကျော်နှင့် မနှင်းဆီတို့ လမ်းခွဲခဲ့ရပါသည်။ ကိုသာကျော်နှင့်မနှင်းဆီတို့သည့် ရွှေတိဂုံ မြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာခဲ့ကြသည်။ လမ်းဘေးပန်းသည်တဦးက ပန်းတွေလတ်လတ် ဆတ် ဆတ် ယူသွားပါဦးဆိုတော့ ပန်းစည်းတယောက်တစည်းယူပြီး ဘုရားပေါ်တက်ခဲ့ကြသည်။ မနှင်းဆီက အင်္ဂါသမီးမို့ အင်္ဂါထောင့်တွင် ပန်းနှစ်စည်းကိုကပ်ခဲ့ပြီး ရွှေတိဂုံစေတီကို လင်္ကျာရစ်ပတ်ရင်း အနောက်ဘက် စေတီရင်ပြင်တော်အနီး အနောက်ပြည် ရခိုင်ကုန် သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သား ထိုင်ကြသည်။

နေမညှိုသေးသဖြင့် ဘုရားပေါ်တွင် လူကျဲနေသည်။ ခလေးနှစ်ဦးက မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ကိုခိုပြီး ခိုစာကျွေးနေသည်။ ခိုကလေးတွေကလည်း ခလေးတွေလက်ပေါ်တက်ပြီး အစာစားလိုက် ပျံလိုက်ပြန်နားလိုက်ဖြင့် မြင်ကွင်းသည် ချစ်စရာဖြစ်နေသည်။ ကိုသာကျော်နှင့်မနှင်းဆီတို့နှစ်ဦးစလုံး အဆိုပါခလေးငယ်များ ခိုစာကျွေးနေရာသို့ မျက်လုံး ရောက်သွားကြသည်။ မနှင်းဆီက ကိုသာကျော်ကို စပြောသည်။ "ကိုကို --- ခလေးတွေ ချစ်စရာနော်" ကိုသာကျော်ကလည်း ဟုန်မှန်ကြောင်း ခေါင်းကလေးညိတ်ပြရင်း "ဟုတ်တယ် မနှင်းဆီ၊ ခလေးတွ ချစ်ဖို့ကောင်းတယ်နော်"ဟု ဆိုသည်။

ထိုမှတဆင့် သားသမီးမွေးလာပါက ယောင်္ကျားနဲ့ မိန်းခလေး ဘယ်ဟာကို ပိုကြိုက်သလဲဟု မနှင်းဆီကမေးသည်။ ကိုသာကျော်က ယောင်္ကျားလေးဘဲမွေးမွေး သမီးမိန်းမလေးဘဲမွေးမွေး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်း ပြောသည်။ ထိုမှတဆင့် သားသမီးများမွေးလာပါက။ သားသမီးများရဲ့ နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က " ကိုကိုရဲ့ သားတွေကို ရခိုင်နာမည် အစစ်တွေဖြစ်တဲ့ ဦး သာထွန်းဦး တို့၊ ကျော်လှဦးတို့" နာမည်တွေ ပေးရမှာဖြစ်ကြောင်း ပြောသည်။ မနှင်းဆီမျက်နှာသည် ကိုသာကျော်စကားကြောင့် အနည်းငယ်မျက်နှာ ပျက်သွားသည်ကို ကိုသာကျော်သတိပြုမိ သည်။ ဘာဖြစ်တာလဲ မနှင်းဆီဟု ကိုသာကျော်က မေးသောအခါ မနှင်းဆီက "ဒီနာမည်တွေ က မဖြစ်နိုင်ဘူးထင်တယ် ကိုကိုဟု" ဟုဆိုလာသည်။

ကိုသာကျော်က ဘာဖြစ်လို့လည်း မနှင်းဆီဟု ဆိုသောအခါ မနှင်းဆီက "စိတ်တော့ မရှိနဲ့ကိုကို မနှင်းဆီက သားတွေရဲ့နာမည်ကို ဗမာနာမည်တွေဖြစ်တဲ့ ကျော်စွာမြင့်တို့ ဇော်လွင်မြင့်တို့စတဲ့ နာမည်တွေမှည့်ချင်တာ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုကို သားတွေရဲ့ နာမည်ကို ရခိုင်လိုမှည့်လိုက်ရင် ကိုကိုသားတွေဟာ ဘယ်တော့မှ ရားထူးကြီးတဲ့ အစိုးရ ထိပ်ပိုင်း ရာထူးတွေကို ရတော့မှာမဟုတ်ဘူး။ မနှင်းဆီက သားတွေကို စစ်ဗိုလ်ချုပ်ကြီးတွေ၊ နိုင်ငံတော် အကြီးအကဲတွေ ဖြစ်စေချင်တာ။ နာမည်တခုကြောင့် မနှင်းဆီက သားတွေ အနာဂတ်တက်လမ်း ပိတ်ဆို့မသွားစေချင်ဘူး ကိုကို"။ ကိုသားကျော်၏ နှလုံးသားတို့ တဒိတ်ဒိတ်ခုန်လေပြီ။

ခြေမဦးမှသွေးတို့သည် ဦးခေါင်းဖျားထိ တက်သွားသလို ကိုသာကျော်ခံစားလိုက်ရသည်။ "ဟုတ်လားမနှင်းဆီ ဒီတိုင်းပြည်မှာ ရခိုင်နာ မည် မှည့်ရုံလောက်နဲ့ အစိုးရထိပ်ပိုင်း ရာထူးတွေကို မရနိုင်ဘူးတဲ့လား။ စစ်ဗိုလ်ချုပ်ကြီးတွေ မဖြစ်နိုင်တော့ဘူးတဲ့လား။ နိုင်ငံတော်ရဲ့အကြီးအကဲတွေ မဖြစ်နိုင်တော့ဘူးလား" ကိုသာကျော် ဆို့နှင့်စွာ ဆိုလေသည်။ မနှင်းဆီသည် အဝေးတနေရာကို ကြည့်ရင်းပြောလာပါသည်။ "ဟုတ်တယ်ကိုကို ။ ဒါအမှန် တရားဘဲ။ မနှင်းဆီ ကိုကို့ကို စမချစ်ခင်ကတည်းက ဒီကိစ္စကို အသေအချာ စဉ်းစားခဲ့ပါတယ်။ အထူးသဖြင့် သားသမီးတွေရဲ့ အနာဂတ်ခရီးလမ်းပါဘဲ ရခိုင်အမျိုးသားတဦးနဲ့ ညားတဲ့ မနှင်းဆီရဲ့ သားသမီးတွေဟာ ဒီတိုင်းပြည်မှာ လူရာဝင်ပါ့ မလားဆိုတာပါဘဲ ကိုကို။" ကိုသာကျော် နားလည်လိုက်ပါပြီ။

မနှင်းဆီး၏ စကားလုံးများသည် ကိုသာကျော်၏ နှလုံးသား ကို မျှားအချွန်တခုနှင့် တချက်ချင်းထိုးနေသလို ကိုသာကျော် ခံစားရမိသည်။ ကိုသာကျော် ဘာမှဆက်ပြောချင်စိတ်မရှိတော့။ ထိုနေ့က မနှင်းဆီကို သူ့အိမ်ရှိရာ ရှမ်းလမ်းသို့ ကိုသာကျော် လိုက်ပို့ခဲ့သည်။ သို့သော် ဘာစကားမှ မပြောဖြစ် ခဲ့တော့ ။ ချစ်သူနှစ်ဦး၏ အပြန်လမ်းသည် တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ မနှင်းဆီတို့ အိမ်ကို ရောက်တော့လည်း ဘာစကားမှ မပြောမဆိုဘဲ လှည်းတန်းရှိ အခန်းကလေးသို့ ကိုသာကျော် လှည့်ပြန်ခဲ့သည်။ လာလမ်းတလျှောက် ကိုသာကျော်၏ အတွေးအာရုံကို မနှင်းဆီ၏ စကားလုံးများက နေရာယူ ထားခဲ့ပါသည်။ နှလုံးသားဖြင့်ရင်း၍ ချစ်ရပါသော်လည်း ဘ၀အရကား မနှင်းဆီကို လက်ထပ် ရန် မဖြစ်နိုင်တော့သည်ကို ကိုသာကျော်နားလည် သဘောပေါက်ခဲ့ချေပြီ။

(နိဂုံး)

မနက်လင်းတော့ ကိုသာကျော် မနှင်းဆီတို့ အိမ်ကိုသွားပါသည်။ မနှင်းဆီက အိမ်တံခါးကို လာဖွင့်ပေးသည်။ ကိုသာကျော် အိမ်ထဲဝင်ရန် စိတ်မရှိတော့ ။ အသင့်ရေးယူလာသော ကဗျာနှင့် မနှင်းဆီ အမှတ်တရပေးထားခဲ့သော ပစ္စည်းများကို မနှင်းဆီလက်ထဲ ကမ်းပေးရင်း ကိုသာကျော် မနှင်းဆီကို ကျော့ခိုင်းလိုက်ပါသည်။

မနှင်းဆီးရယ်

နင်ကဗမာ

ငါကရခိုင်

မျဉ်းပြိုင်နှစ်ကြောင်း မဆုံကောင်းပါ

ခွင့်လွှတ်ပါတော့ မနှင်းဆီ။ ။

No comments:

Post a Comment

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP